လေဆင်နှာမောင်းဟူသည်မှာ အလွန်အားကောင်းသော မိုးတိမ်တောင်များ ဖြစ်ပေါ်နေချိန်တွင် မိုးတိမ်တောင်၏အောက်ခြေပိုင်းမှအစပြု၍ ဆင်၏နှာမောင်းပုံသ္ဌာန်ဖြင့် ပြင်းထန်စွာတိုက်ခတ်သော လေဝဲအကြီးစားပင် ဖြစ်သည်။ လေဆင်နှာမောင်း၏အင်အား အလွန်ကောင်းသည့်အခါ တစ်နာရီလျှင်မိုင် ၃ဝဝ ကျော်အထိပင် တိုက်ခတ်လေ့ရှိသည်။ က္ဘာအရပ်ရပ်တွင် တိုက်ခတ်ခဲ့ဖူးသော လေဆင်နှာမောင်းများ ၏ သဘောသဘာဝကို လေ့လာကြည့်သည့်အခါ လေဆင်နှာ မောင်းတိုက်ခတ်ချိန်သည် အနည်းဆုံးမိနစ် ၃ဝ မှ အများဆုံး ၆ နာရီအထိ ကြာမြင့်နိုင်ကြောင်း တွေ့ရှိရသည်။
လေဆင်နှာမောင်းသည် မုန်တိုင်းအမျိုးအစားတစ်ခုပင် ဖြစ်သော်လည်း ရိုးရိုးလေပြင်းမုန်တိုင်းကဲ့သို့ လူသိမများလှပေ။ က္ဘာအရပ်ရပ်တွင် မုန်တိုင်းတိုက်ခတ်မှုအကြိမ်ရေ အများ အပြားရှိခဲ့သဖြင့် က္ဘာ့ပြည်သူအများစုတို့အနေဖြင့် ဘဝသက် တမ်းတစ်လျှောက်၌ မုန်တိုင်းကို တစ်ကြိမ်မဟုတ်တစ်ကြိမ် ကြုံတွေ့ကြရလေ့ရှိသည်။ လေပြင်းမုန်တိုင်းနှင့် ထိပ်တိုက် မဟုတ်သည့်တိုင် မုန်တိုင်းအဖျားခတ်ခြင်း၊ မုန်တိုင်းအရှိန် ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရက်ကာလရှည်ကြာ စွာ မိုးရွာသွန်းခြင်းများကို အနည်းနှင့်အများ ကြုံတွေ့ဖူးကြ သည်။
သို့ရာတွင် လေဆင်နှာမောင်း ဆိုသည်ကိုမူ ဘဝသက်တမ်း တစ်လျှောက် ကြားဖူးရုံမျှသာရှိပြီး တကယ့်ထိပ်တိုက် နဖူးတွေ့ ဒူးတွေ့ကြုံတွေ့ ဖူးခြင်းမရှိသူ သန်းပေါင်းများစွာရှိနေကြသည်။
အဘယ်ကြောင့်ဆိုသော် လေပြင်းမုန်တိုင်းများသည် ကမ်းလွန်ပင်လယ်ပြင်နှင့် ပင်လယ်အော်များ၌ ဖြစ်ပေါ်လေ့ရှိ သော လေဖိအားနည်းရပ်ဝန်းကို အကြောင်းပြု၍ ထိုပင်လယ်၏ရေပြင်အပူချိန် မြင့်တက်နေခြင်း၊ ပင်လယ်ရေအချဉ်ပေါက်နှုန်း မြင့်မားနေခြင်းတို့နှင့် တိုက်ဆိုင်သည့်အခါ အင်အားကောင်း သောမုန်တိုင်းအဖြစ်သို့ အသွင်ပြောင်းသွားလေ့ရှိကြပြီး လေဆင်နှာမောင်းကမူ ဖြစ်တည်လာနိုင်ခြေအခွင့်အလမ်း နည်းပါးသည့်အပြင် အကယ်၍တိုက်ခတ်လျှင်လည်း လေဆင် နှာမောင်းအများစုတို့၏ တိုက်ခတ်ချိန်မှာ အလွန်တိုတောင်းပြီး ရွေ့လျားတိုက်ခတ်ရာ ပင်မလမ်းကြောင်းမှလွဲ၍ ကျန်နီးကပ် သော ပတ်ဝန်းကျင်၌ သက်ရောက်မှုမရှိသလောက်နည်းပါး ခြင်းကြောင့်ပင် ဖြစ်သည်။
သာဓကအားဖြင့် ၁၉၈ဝ ပြည့်နှစ်က ရန်ကုန်မြို့ အင်းစိန်မြို့ နယ်၌ မိနစ်အနည်းငယ်မျှသာ တိုက်ခတ်သွားခဲ့သော လေဆင် နှာမောင်းကြောင့် မြန်မာနိုင်ငံဆေးဝါးထုတ်လုပ်ရေးစက်ရုံ (ကြို့ကုန်း)၌ မြွေဆိပ်ဖြေဆေးထုတ်လုပ်ရန် မွေးမြူထားသည့် မြွေအကောင်ရေများစွာတို့မှာ ယင်းတို့အား ထည့်သွင်းထား သည့် သံပခြုပ်များနှင့်အတူ လေထဲသို့လွင့်ပါပျောက်ဆုံးသွား ခြင်း၊ ခေါင်မိုးကျောက်ပြားသွပ်ပြားများနှင့် လေအေးစက်များ လေထဲသို့ လွင့်ပါသွားခြင်း၊ ရန်ကုန်စက်မှုတက္ကသိုလ်ဝင်း အတွင်းရှိ သစ်ပင်အချို့ အပင်ရင်းမှပြတ်ထွက်ကာ လေထဲ လွင့်ပါသွားခြင်း စသည်တို့ကို ကြုံတွေ့ခဲ့ကြရသည်။
သို့ရာတွင် အင်းစိန်မြို့နယ်အတွင်း၌ ထိုကဲ့သို့ လေဆင် နှာမောင်းတိုက်ခတ်သွားသည်ကို ကျန်မြို့နယ်များရှိ ပြည်သူ လူထုတို့က လုံးဝမသိရှိလိုက်ကြပေ။ ရန်ကုန်မြို့ တစ်မြို့ထဲ၌ပင် လေဆင်နှာမောင်းတိုက်ခတ်မှုကို ခံစားရသောမြို့နယ်နှင့် လုံးဝ မသိရှိလိုက်သောမြို့နယ်များဟူ၍ ရှိနေခဲ့ခြင်းသည် လေဆင်နှာ မောင်း၏ သဘောသဘာဝနှင့် သရုပ်သကန်ပင် ဖြစ်သည်။
ကမ္ဘာပေါ်၌ လေဆင်နှာမောင်း တိုက်ခတ်မှုအကြိမ်ရေ အများဆုံးနိုင်ငံမှာ အမေရိကန်ပြည်ထောင်စုပင် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းရှိ ပြည်နယ်များကို ဖြတ်သန်း၍ ပြင်းအားအမျိုးမျိုး၊ လေတိုက်နှုန်း အမျိုးမျိုးတို့ဖြင့် တိုက်ခတ်သွားသော လေဆင်နှာမောင်းအရေအတွက်မှာ ထောင်နှင့်ချီ၍ပင် ရှိခဲ့သည်။ ထို့ကြောင့်ပင် လေဆင်နှာမောင်း၏ ဒဏ်ကိုအကြိမ်ကြိမ်ခံနေရသော အမေရိကန်ပြည်ထောင်စု၌ လွန်ခဲ့သောနှစ်ပေါင်း ၂ဝ ကျော်ကာလကတည်းကပင် လေဆင် နှာမောင်းဖွဲ့စည်းဖြစ်ပေါ်လာပုံ၊ ပြင်းအားပမာဏနှင့် တိုက်ခတ်ရွေ့ လျားပုံ စသည်တို့ကို နက်နက်နဲနဲလေ့လာသုတေသနပြုခဲ့ကြ သည်။
သယ်ယူရွှေ့ပြောင်းနိုင်သော မိုးလေဝသဆိုင်ရာခေတ်မီ စက်ကိရိယာများဖြင့် လေဆင်နှာမောင်းကို ထိပ်တိုက်ရင်ဆိုင် ကာ လေ့လာသုတေသနပြုခဲ့ကြရာ၌ ပညာရှင်အချို့ အသက်ဆုံး ရှုံးခဲ့ရခြင်းအပါအဝင် အခက်အခဲပေါင်းများစွာကို ဖြတ်သန်း ခဲ့ကြပြီးနောက် ကြောက်မက်ဖွယ်ကောင်းလှသည့် လေဆင်နှာ မောင်း၏ အတွင်းသ္ဌာန်ကို ဖော်ထုတ်နိုင်ခဲ့သည်။ ထိုမှဆက် စပ်၍ လေဆင်နှာမောင်း၏ လေတိုက်နှုန်းနှင့် ပြင်းအားပမာဏ အတိုင်းအတာကို ချီကာဂိုတက္ကသိုလ်ပါမောက္ခ ဒေါက်တာ ဖူဂျီတာက တိုင်းတာတွက်ချက် ဖော်ထုတ်အသိပေးနိုင်ခဲ့ပြီး ထိုစကေးကို ဖူဂျီတာစကေး ( Fujita Scale)ဟု ခေါ်တွင် ခဲ့သည်။
ဖူဂျီတာစကေးအနိမ့်ဆုံးကိုF0 ဖြင့်သတ်မှတ်ပြီး အမြင့်ဆုံး ကိုမူF5 ဖြင့်သတ်မှတ်သည်။F0 အဆင့်သည် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၄ဝ မှ ၇၂ မိုင်အတွင်းရှိပြီး ထိုအဆင့်တွင် သစ်ကိုင်းများကျိုးပဲ့ကာ အမြစ်တိမ်သောအပင်များပြိုလဲသွား နိုင်သည်။F1 အဆင့်သည် လေတိုက်နှုန်းတစ်နာရီလျှင် ၇၃ မိုင် မှ ၁၁၂ မိုင်အတွင်းရှိပြီး ထိုအဆင့်တွင် ကျောက်စရစ်မြေ၌ အမြစ်စွဲနေသော သစ်ပင်များပြိုလဲနိုင်သလို အဆောက်အအုံ၏ အုတ်မြစ်ကြံ့ခိုင်မှုအားနည်းလျှင် ပြိုပျက်သွားနိုင်သည်။
F2အဆင့်သည် လေတိုက်နှုန်းတစ်နာရီလျှင် ၁၁၃ မိုင်မှ ၁၅၇ မိုင်အတွင်းရှိကာ ထိုအဆင့်၌ နေအိမ်အဆောက်အအုံ အမိုးများ ပြုတ်ထွက်လွင့်ပျံသွားနိုင်ပြီး ကြံ့ခိုင်မှုအသင့်အတင့် ရှိသော အဆောက်အအုံများပင် ပြိုကျပျက်စီးသွားနိုင်သည်။ အသင့်အတင့်လေးလံသော ဝတ္ထုပစ္စည်းများလည်း လေထဲမှ တစ်ဆင့်ဝေးရာသို့ ပျံဝဲရောက်ရှိသွားနိုင်သည်။F3 အဆင့်ကမူ လေတိုက်နှုန်းတစ်နာရီလျှင် ၁၅၈ မိုင်မှ ၂ဝ၆ မိုင်အတွင်းရှိပြီး သစ်ပင်အများအပြား အမြစ်ကကျွတ်ထွက်လွင့်ပါခြင်း၊ နေအိမ် အဆောက်အအုံများ အလုံးစုံပျက်စီးပြိုလဲခြင်းနှင့် မော်တော် ကားများလေထဲသို့ လွင့်ပါခြင်းများအထိ ဖြစ်ပေါ်နိုင်သည်။
ဖူဂျီတာစကေးF4 အဆင့်သည် လေတိုက်နှုန်းတစ်နာရီလျှင် ၂ဝ၇ မိုင်မှ မိုင် ၂၆ဝ အတွင်းရှိပြီး နေအိမ်များနှင့်မော်တော်ကား များကို ဒုံးကျည်ပစ်လွှတ်လိုက်သည့်အလား အလွန်ဝေးရာဆီသို့ ဆွဲငင်ယူဆောင်ပစ်ထုတ်နိုင်စွမ်းရှိပြီး လွင့်စဉ်ရောက်ရှိလာသော ဧရာမဝတ္ထု အစိုင်အခဲကြီးများကြောင့် လူအများအပြားတို့ ထိမှန်ခံရကာ အသက်ဆုံးရှုံးသွားနိုင်သည်။
ဖူဂျီတာစကေးအမြင့်ဆုံးဖြစ်သောF5 အဆင့်ကမူ လေတိုက်နှုန်းတစ်နာရီလျှင် ၂၆၁ မိုင်မှ ၃၁၈ မိုင်အထိရှိကာ သံမဏိဖြင့် တည်ဆောက်ထားသော အဆောက်အအုံများပင် မြင်မကောင်းလောက်အောင် ပျက်စီးသွားနိုင်သည်။ သာမန် နေအိမ်အဆောက်အအုံတို့ကမူ လေးခွဖြင့် ပစ်လွှတ်လိုက်သည့် လောက်စာလုံးပမာ ဝေးရာသို့ အလုံးလိုက်လွင့်စဉ်မျောပါရောက် ရှိသွားနိုင်သည်။
လေဆင်နှာမောင်း၏ ဖြစ်တည်လာပုံသဘောသဘာဝကို သိရှိနားလည် သဘောပေါက်လာသည်နှင့်အမျှ ဘေးအ္တရာယ် ကျရောက်မည့် နေရာဒေသများသို့ ခေတ်မီနည်းပညာများ အသုံးချကာ မိနစ်အနည်းငယ်မျှ ကြိုတင်သတိပေးလာနိုင်သည်။ သာဓကတစ်ခုအဖြစ် အမေရိကန်ပြည်ထောင်စု အိုကလာဟိုးမား ပြည်နယ်တွင် ၂ဝဝ၇ ခုနှစ် မေလအတွင်းက လေဆင်နှာမောင်း မတိုက်ခတ်မီ ၁၃ မိနစ်မျှ ကြိုတင်သတိပေးနိုင်ခဲ့သဖြင့် ပျက်စီးမှု များရှိခဲ့သည့်တိုင် လူ့အသက်သေဆုံးရမှုကို များစွာလျှော့ချ ပေးနိုင်ခဲ့သည်။
နိုင်ငံတကာမှ သိပ္ပံပညာရှင် ၁ဝဝ ကျော်ပါဝင်သော သုတေသနမစ်ရှစ်တစ်ဖွဲ့သည် က္ဘာ့သမိုင်းတွင် အကျယ်ပြန့် ဆုံးသော လေဆင်နှာမောင်းလေ့လာရေးစီမံကိန်းကို ၂ဝ၁ဝ ပြည့်နှစ်က စတင်ဆောင်ရွက်ခဲ့ကြသည်။
က္ဘာပေါ်၌ လေဆင်နှာ မောင်းဖြစ်ပေါ်တိုက်ခတ်မှု အများဆုံးနေရာများဖြစ်သော မစ္စစ္စပီ မြစ် အနောက်ဘက်ရှိ မဟာလွင်ပြင်ဒေသနှင့် ရော့ကီး တောင်တန်းအရှေ့ဘက်ရှိ မြက်ခင်းလွင်ပြင်ဒေသ၌ သုတေသန ဆိုင်ရာ အဆင့်မြင့်နည်းပညာသုံး စက်ပစ္စည်းကိရိယာများကို ဖြန့်ကြက်ချထားခဲ့ကြသည်။
Vortex-2 ဟု အမည်ပေးထားသော အဆိုပါစီမံကိန်းတွင် သယ်ယူရေ့ႊပြောင်းနိုင်သော ရေဒါ ၁ဝ ခုကို အသုံးပြုခဲ့ပြီး တိုက်ခတ်နေသော လေဆင်နှာမောင်းအနီးသို့ ချဉ်းကပ်ပျံဝဲ လေ့လာမှတ်တမ်းတင်မည့် မောင်းသူမဲ့စက်ရုပ်လေယာဉ် ၁၂ စင်းကိုပါ အသုံးချခဲ့ကြသည်။
အဆိုပါစီမံကိန်း၏ အကျိုးရလဒ်တစ်ခုအဖြစ် လေစီး ကြောင်းနှင့်အပူချိန်တို့ သဟဇာတမဖြစ်ဘဲ ဆန့်ကျင်ဘက် အခြေအနေတစ်ရပ်သို့ ရုတ်ခြည်းကူးပြောင်းသွားပါက မိနစ်ပိုင်း အတွင်းမှာပင် လေဆင်နှာမောင်းတစ်ခု ဖြစ်ပေါ်လာကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။ စတုရန်းမိုင်ပေါင်း ၉ဝဝ ကျော်မျှ ကျယ်ဝန်းသည့် ဒေသအတွင်း၌ သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်နေသော Vortex-2 စီမံကိန်းသည် လေဆင်နှာမောင်း ကြိုတင်သတိပေးနှိုးဆော်ရေးနှင့် လူ့အသက် ကယ်တင်ရေးဆိုင်ရာ အထောက်အကူပြုရလဒ် အများအပြားကို ရရှိလာမည်ဟု မျှော်လင့်ရသည်။
လေဆင်နှာမောင်းလောက် အင်အားမပြင်းထန်သော်လည်း မိုးတိမ်တောင်များကိုပင် အခြေပြုကာ ဖြစ်ပေါ်လာသည့် စိုက်ဆင်းလေပြင်းများသည်လည်း ကြောက်မက်ဖွယ်ကောင်း သော သဘာဝဘေးအ္တရာယ်တစ်မျိုး ဖြစ်သည်။ စိုက်ဆင်း လေပြင်းများသည် လေကြောင်းပျံသန်းမှုနှင့် ရေကြောင်းသွား လာမှုတို့အတွက် အထူးပင်သတိပြုကြရမည့် အ္တရာယ်ဖြစ်သည်။
စိုက်ဆင်းလေပြင်းများသည် အဓိအားဖြင့် အားကောင်း သော မိုးတိမ်တောင်များ ရွေ့လျားမှုကြောင့်ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး လေပြင်းတိုက်ခတ်ခြင်းနှင့် လေဖိအားရုတ်တရက်မြင့် တက်ခြင်းများကို ဖြစ်ပေါ်လာစေသည်။ လေတိုက်နှုန်း တစ်နာရီ လျှင်မိုင် ၁ဝဝ ကျော်အထိ တိုက်ခတ်နိုင်သော စိုက်ဆင်းလေပြင်း များသည် လေဆင်နှာမောင်းနှင့် မတူကွဲပြားသော တိုက်ခတ်မှု ပုံစံမျိုးရှိနေသည်။
လေဆင်နှာမောင်းတိုက်ခတ်နေချိန်တွင် လေဖိအား အလွန် အမင်းကျဆင်းကာ လေဖိအားခြားနားမှုကြောင့် ကြီးမားသော အဆောက်အအုံများသည်ပင် အလွန်ဝေးကွာသော အရပ်ဆီသို့ လွင့်စဉ် မျောပါသွားနိုင်သည်။ စိုက်ဆင်းလေပြင်းတိုက်ခတ်နေချိန် ၌မူ လေဖိအားရုတ်ခြည်း မြင့်တက်မှုကြောင့် အဆောက်အအုံ အချို့ကို လဲပြိုသွားစေနိုင်သည်။
လေဆင်နှာမောင်းဖြစ်ပေါ်ချိန်၌ လေသည် လက်ဝဲရစ် တိုက်ခတ်ပြီး အထက်သို့ရစ်ခွေတိုက်ခတ်ခြင်းကြောင့် သဲနှင့်ဖုန် မှုန့်များ၊ သစ်ကိုင်းသစ်ခက်များ၊ အကျိုးအပဲ့အပိုင်းအစများကပါ လိုက်၍ မျောပါရွေ့လျားနေခြင်းကြောင့် လေဆင်နှာမောင်း တိုက်ခတ်နေသည်ကို အဝေးကပင် ထင်ရှားစွာမြင်နိုင်သည်။ စိုက်ဆင်းလေပြင်းကမူ လေပြင်းတိုက်နေခြင်းကိုသာ ခံစားသိရှိ နိုင်ပြီး လေတိုက်နေသည့်ပုံသ္ဌာန်ကို မမြင်တွေ့နိုင်ပေ။
လေဆင်နှာမောင်းသည် တိုက်ခတ်ချိန်အားဖြင့် မိနစ် ၃ဝ မှ ၆ နာရီအထိပင် ရှိနိုင်သော်လည်းစိုက်ဆင်းလေပြင်းကမူ တိုက်ခတ်ချိန် အလွန်တိုတောင်းပြီး မိနစ်အနည်းငယ်မျှသာ ကြာမြင့်သည်။ လေဆင်နှာမောင်းတိုက်ခတ် ရွေ့လျားရာလမ်း ကြောင်းတစ်လျှောက်တွင် လေဆင်နှာမောင်းသည် တည့်တည့် ရွေ့လျားခြင်း၊ ဝဲဘက်သို့ကွေ့ခြင်း၊ ယာဘက်သို့ကွေ့ခြင်း၊ ကွေ့ဝိုက်ကာ နောက်ပြန်ရွေ့လျားခြင်းစသည်ဖြင့် ဦးတည်ရာ ဘက်အမျိုးမျိုးရှိသည့်အတွက် လေဆင်နှာမောင်း တိုက်ခတ်ပြီး ချိန်တွင် ပျက်စီးသွားသော နေအိမ်အဆောက်အအုံများနှင့် ဝတ္ထုပစ္စည်းကြီးငယ်တို့သည် အရပ်မျက်နှာအမျိုးမျိုးသို့ ဦးတည်ကာ လဲပြိုနေသည်ကို မြင်တွေ့ကြရသည်။
စိုက်ဆင်းလေပြင်းကမူ တိုက်ခတ်ရွေ့လျားရာ လမ်းကြောင်းဖြောင့်ပြီး အရပ်မျက်နှာတစ်ဖက်တည်းသို့သာ တိုက်ခတ်သည့်အတွက် ပျက်စီးသွားသော အဆောက်အအုံနှင့် ဝတ္ထုပစ္စည်းကြီးငယ်တို့မှာ အရပ်မျက်နှာတစ်ဖက်တည်းသို့သာ ဦးတည်လဲကျနေသည်ကို တွေ့မြင်ကြရသည်။ စိုက်ဆင်း လေပြင်း၏ ထူးခြားချက်တစ်ရပ်မှာ စတင်တိုက်ခတ်ရာနေရာ၌ သက်ရောက်မှုဧရိယာ ကျဉ်းမြောင်းပြီး တဖြည်းဖြည်း အားပျော့လာသည့်အခါ၌မူ သက်ရောက်မှုဧရိယာက ပို၍ ကျယ်ပြန့်လာခြင်းပင် ဖြစ်သည်။ တစ်နည်းဆိုရသော် ယပ် တောင်ဖြန့်သကဲ့သို့ တိုက်ခတ်ခြင်းဖြစ်ပြီး ထိုသို့သောသဘော သဘာဝကြောင့်ပင် စိုက်ဆင်းလေပြင်းတိုက်ခတ်ရာ လမ်း ကြောင်းတွင် ပျက်စီးသွားသော ဝတ္ထုပစ္စည်းအစုအပုံများမှာ တဖြည်းဖြည်း ပို၍ပြန့်ကားသွားသည်ကို တွေ့မြင်ကြရခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ လေဆင်နှာမောင်းနှင့်စိုက်ဆင်း လေပြင်းများကို ဖြစ်ပေါ်လာစေနိုင်သည့်မိုးတိမ်တောင်ကြီး များကို မိမိတို့နေထိုင်ရာဒေသ၏ ကောင်းကင်ယံ၌ မြင်တွေ့ကြ ရသည်ဆိုပါက သတိရှိကြရန်လိုအပ်သည်။ လေဆင်နှာမောင်း တစ်ကြိမ်နှစ်ကြိမ်မျှ တိုက်ခတ်ဖူးသောဒေသဖြစ်ပါက အထူးပင် သတိရှိသင့်သည်။ လေဆင်နှာမောင်း၏အ္တရာယ်ကို ကာကွယ် ရန်အတွက် အကောင်းဆုံးသော နည်းလမ်းတစ်ခုမှာ မြေပေါ် အဆောက်အအုံနှင့် တွဲစပ်ခြင်းမရှိဘဲ သီးသန့်တည်ဆောက် ထားသည့် ခိုင်ခံ့တောင့်တင်းသော မြေအောက်ခန်းအတွင်း နေထိုင်ခြင်းပင် ဖြစ်သည်။
မျက်မှောက်ခေတ်၏ ဆောက်လုပ်ရေး နည်းပညာများ ထဲတွင် ပိုင်တိုင်များမြေအောက်သို့ နက်ရှိုင်းစွာရိုက်သွင်းသည့် နည်းဖြင့် စံချိန်မီစွာတည်ဆောက်ထားသော အဆောက်အအုံ များသည် လေဆင်နှာမောင်း၏ဒဏ်ကို အတိုင်းအတာတစ်ရပ် အထိ ခံနိုင်ရည်ရှိသည်။ အဆောက်အအုံ၏ ပြတင်းတံခါးများ၊ ဝရန်တာလက်ရန်းများက လေဆင်နှာမောင်း၏ လေဝဲဂယက် အတွင်း လွင့်စဉ်မျောပါသွားနိုင်သည့်တိုင် ပင်မအဆောက်အအုံ ကြီးအဖို့ မြေမှကျွတ်ထွက်လွင့်ပါရန် အခွင့်အလမ်းအလွန်နည်း သောကြောင့်ပင် ဖြစ်သည်။
စိုက်ဆင်းလေပြင်း၏ အ္တရာယ်မှကြိုတင်ကာကွယ်နိုင်ရန် ကမူ အဆောက်အအုံများကို ခိုင်ခံ့တောင့်တင်းအောင် စနစ် တကျဆောက်လုပ်ထားခြင်း၊ ခေါင်မိုးရှိဒိုင်း၊ မြားနှင့် အမိုးပြား များကို ကြံ့ခိုင်တောင့်တင်းမှုရှိအောင် တွဲဆက်တပ်ဆင်ထား ခြင်း၊ ခိုင်ခံ့တောင့်တင်းသောတံခါး ကျည်းပေါင်များနှင့် တံခါး ရွက်များကို အသုံးပြုတပ်ဆင်ထားခြင်း စသည်တို့ပင်ဖြစ်ပေ သည်။
Ref; Myanmar News Agency
No comments:
Post a Comment