ဆောင်းပါး
မိုးဦးကျကာလများ၊ မိုးတွင်းကာလများနှင့် ရာသီဥတုရုတ်ခြည်းဖောက် ပြန်ပြောင်းလဲသော အချိန်အခါမျိုး၌ လျှပ်စီးလက်ခြင်း၊ ထစ်ချုန်းခြင်း၊ မိုးကြိုး ပစ်ခြင်းနှင့် မိုးကြိုးမုန်တိုင်းကျရောက်ခြင်းများကို ကြုံတွေ့ကြရလေ့ရှိသည်။ ဤသို့ဖြစ်ရခြင်းမှာ မိုးကောင်းကင်တွင် သဘာဝအလျောက် ဖြစ်ပေါ်နေသော အခြေအနေများအရ တိမ်တိုက်တစ်ခုနှင့်တစ်ခုအကြားတွင်သော်လည်း ကောင်း၊ မိုးတိမ်တိုက်နှင့် မြေလွှာအကြားတွင်သော်လည်းကောင်း လျှပ်စစ် ဖိအားခြားနားမှုဖြစ်ပေါ်လာခြင်းကြောင့် ဖြစ်သည်။
ယင်းကာလမျိုးတွင် မိုးတိမ်တိုက်၏ အောက်ခြေပိုင်း၌ လျှပ်စစ်အမ ဓာတ်များ ဖြစ်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်၌လည်း လျှပ်စစ် အဖိုဓာတ်များ စုဝေးဖြစ်ပေါ်လာကာ ရင်ဆိုင်မိကြသည်။ မိုးဥတုအခါများနှင့် ရာသီဥတုရုတ်ခြည်းဖောက်ပြန်ပြောင်းလဲသောအခါများ၌ မိုးသက်မုန်တိုင်း ကြောင့် တိမ်လွှာ၏အောက်ခြေပိုင်းတွင် စုဝေးနေကြသော လျှပ်စစ်အမဓာတ် များသည် ဝေဟင်မှနေ၍ ရွေ့လျားကြသည်။ မြေပြင်ပေါ်ရှိ လျှပ်စစ်အဖိုဓာတ် တို့ကလည်း လျှပ်စစ်အမဓာတ်များ ရွေ့လျားသည့်အတိုင်း လိုက်ပါရွေ့လျားကြသည်။
ယင်းသို့ ရွေ့လျားကြရင်း လျှပ်စစ်အမဓာတ်တို့၏ ဆွဲဆောင်မှုကြောင့် လျှပ်စစ်အဖိုဓာတ်တို့သည် မြင့်သောနေရာများဖြစ်သည့် လျှပ်စစ်ဓာတ်တိုင် များ၊ လျှပ်စစ်ဝိုင်ယာလိုင်းကြိုးများ၊ အလံတိုင်နှင့် သစ်ပင်များ၊ ထိုးထိုးထောင် ထောင်ရှိနေသည့် အဆောက်အအုံများ၏ ထိပ်ဖျားဆီသို့ တက်ရောက်လာ ကြသည်။ ယင်းသို့ တက်ရောက်လာမှုကြောင့် လျှပ်စစ်အမဓာတ်နှင့် လျှပ်စစ် အဖိုဓာတ်တို့ နီးကပ်စွာ စုဝေးမိကြသည်။ စုဝေးမှုအစိုင်အခဲ ကြီးမားလာသော အခါ ခုန်ကူးပေါင်းစပ်မှုပြုကြသည်။ ဤသို့ ဖြစ်ပျက်သည်ကို မိုးကြိုးပစ်သည် ဟု ခေါ်ဆိုကြသည်။
မိုးကြိုးအန္တရာယ်
သို့ဖြစ်၍ မြင့်မားသောအဆောက်အအုံများ၊ သစ်ပင်ကြီးများ၊ ချွန်ထက် နေသော ထိုးထိုးထောင်ထောင်ရှိနေသည့် အဆောက်အအုံစသည်တို့သည် မိုးဥတုအခါများနှင့် ရာသီဥတု ရုတ်ခြည်းဖောက်ပြန်ပြောင်းလဲလာ၍ မိုးသက် မုန်တိုင်းကျရောက်သောအခါများ၌ မိုးကြိုးပစ်ခံရရန် အခွင့်အလမ်းပို၍များ သည်။ ယင်းတို့နှင့် နီးကပ်စွာရှိနေသော လူနှင့်တိရစ္ဆာန်များ၊ ဝတ္ထုပစ္စည်းများ သည်လည်း မိုးကြိုးစက်ကွင်းအတွင်း ကျရောက်နေသည်ဖြစ်၍ အန္တရာယ် ကြီးမားလှသည်။
ထို့ကြောင့် လျှပ်စီးလက်၍ ထစ်ချုန်းသောအခါမျိုးများ၌ ကျယ်ပြန့်သော နေရာများ၊ လွင်တီးခေါင်ဖြစ်သော နေရာများ၊ လယ်ကွင်းပြင်များတွင် မနေ သင့်ပေ။ ထိုအခါမျိုးတွင် ကွင်းပြင်နှင့် လွင်တီးခေါင်အလယ်၌ ရပ်နေသော လူ သို့မဟုတ် တိရစ္ဆာန်တို့သည် အဆိုပါနေရာများ၏ အမြင့်ဆုံးသော တည်ရှိ မှုများဖြစ်နေသည့်အတွက် လျှပ်စစ်အဖိုဓာတ်နှင့် လျှပ်စစ်အမဓာတ်တို့ ခုန်ကူး ပေါင်းစပ်မှုပြုရာ ဗဟိုချက်မဖြစ်သွားနိုင်သည်။ တစ်နည်းအားဖြင့် မိုးကြိုးပစ် ရန်အတွက် ပစ်မှတ်နေရာဖြစ်သွားနိုင်သည်။
မိုးဥတုအခါများတွင် လယ်ကွင်းပြင်များ၌ လယ်ထွန်နေသူများနှင့် ကျွဲ၊ နွား စသည်တို့ မိုးကြိုးထိမှန်ခံရတတ်ခြင်းမျိုးသည် အထက်ပါသဘော တရားကြောင့်ပင် ဖြစ်သည်။ သို့ဖြစ်၍ ယင်းသို့သော အခြေအနေမျိုးတွင် ပြန့်ပြူးသော ကစားကွင်းများ ၊အဆောက်အအုံကင်းမဲ့သော ဆင်ခြေဖုံးနေရာ များ၊ မြေပြန့်လွင်ပြင်များ၊ မြို့ရွာစသည်တို့နှင့် အလှမ်းကွာဝေးသောနေရာ များတွင် ရောက်ရှိနေသူတို့သည် မိုးကြိုးပစ်ခံရရန် အခွင့်အလမ်းအများဆုံး ရှိနေသည်။
လျှပ်စစ်လက်ခြင်းနှင့် ထစ်ချုန်းသံ
တိမ်လွှာ၏ အောက်ခြေရှိ လျှပ်စစ်အမဓာတ်နှင့်မြေပြင်မှ လျှပ်စစ်အဖို ဓာတ်တို့ ခုန်ကူးပေါင်းစပ်မှုပြုသည့်အခါ တစ်နည်းအားဖြင့် မိုးကြိုးပစ်သည့် အခါ မိုးကြိုးဖြစ်ပေါ်သည့်နေရာတွင် အလင်းရောင်နှင့်အသံတို့ တစ်ပြိုင်တည်း ထွက်ပေါ်လာသည်။ မိုးကြိုးဖြစ်ပေါ်ရာနေရာမှ ထွက်ပေါ်လာသော အလင်း ရောင်နှင့်အသံတို့သည် အတော်အတန်ဝေးကွာသောနေရာများဆီသို့ ပျံ့နှံ့ ရောက်ရှိချိန်တွင် အမြန်နှုန်းမတူခြင်းကြောင့် မိုးကြိုးဖြစ်ပေါ်ရာနေရာမှ အလွန်ဝေးကွာသော နေရာများရှိ လူနှင့်သတ္တဝါတို့သည် အလင်းရောင်ကို အရင်မြင်ကြရပြီး အသံကို နောက်ကျမှ ကြားကြရသည်။ တစ်နည်းဆိုရသော် လျှပ်စီးလက်ခြင်းကို အရင်မြင်ကြရပြီး ထစ်ချုန်းသံကို နောက်မှကြားကြရသည်။
မိုးကြိုးဖြစ်ပေါ်ရာနေရာနှင့် နီးသောနေရာရှိ လူနှင့်သတ္တဝါတို့ကမူ လျှပ်စီးလက်ခြင်း(အလင်းရောင်)နှင့် ထစ်ချုန်းခြင်း(အသံ)တို့ကို မရှေးမနှောင်း ကြားကြရသည်။ မိုးကြိုးဖြစ်ပေါ်ရာနေရာတွင် ရှိနေသောလူနှင့် သတ္တဝါတို့ သည်ကား လျှပ်စီးလက်ခြင်းကိုပင် မြင်ခွင့်မရလိုက်တော့ဘဲ မိုးကြိုးထိမှန် ခံရခြင်းနှင့် မိုးကြိုးစက်ကွင်းမိခြင်းများဖြစ်ကြရသည်။ ဤသို့ဖြစ်ရခြင်းမှာ အလင်း၏အလျင်သည် အသံ၏အလျင်ထက် အဆပေါင်းသိန်းနှင့်ချီ၍ ပိုမိုသောကြောင့် ဖြစ်သည်။ မိုးကြိုးပစ်သည့်နေရာတွင် ဖြစ်ပေါ်လာသော အလင်းရောင်သည် ထွက်ပေါ်လာသော အသံထက် ခရီးအကွာအဝေးအဆ များစွာ ပိုမိုရောက်ရှိသွားခြင်းပင်ဖြစ်သည်။
အဆိုပါ သိပ္ပံပညာသဘောတရားကြောင့် လျှပ်စီးလက်၍ ထစ်ချုန်း သံကြားလျှင် ကြောက်တတ်သူများသည် မိုးကြိုးပစ်ရာနေရာနှင့် မိမိတို့ရှိနေ သောနေရာ မည်မျှကွာလှမ်းသည်ကို တွေးဆနိုင်ကြပြီး စိုးရိမ်ပူပန်မှုများကို ထိန်းချုပ်နိုင်ကြမည်ဖြစ်သည်။ လျှပ်စီးလက်ခြင်းကို ကောင်းစွာမြင်ကြရသူ များသည် မိုးကြိုးဖြစ်ပေါ်ရာနေရာနှင့် ဝေးကွာလှသောနေရာတွင် ရှိနေသူများ ဖြစ်ကြသည်။
မိုးကြိုးလျှပ်စီးအင်အား
မိုးကြိုးပစ်ခြင်းသည် တိမ်လွှာအောက်ခြေနှင့် မြေပြင်အကြား လျှပ်စစ် ဖိအားခြားနားမှုကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သည်။ မိုးကြိုးပစ်ချိန်တွင် လျှပ်စီး အင်အားသည် ပျမ်းမျှအားဖြင့် အမ်ပီယာသုံးသောင်းခန့်ရှိနေပြီး အမြင့်ဆုံး အားဖြင့် အမ်ပီယာနှစ်သိန်းအထိပင် ဖြစ်ပေါ်လာတတ်သည်။ လျှပ်စစ်သံဂဟေ ဆက်ရာတွင် အသုံးပြုသော လျှပ်စီးအင်အား ပမာဏမှာ ၂ဝဝ အမ်ပီယာမှ ၄ဝဝ အမ်ပီယာခန့်အထိသာရှိရာ မိုးကြိုးလျှပ်စီးအင်အားပမာဏ မည်မျှကြီးမား သည်ကို ခန့်မှန်းနိုင်သည်။
မိုးဥတုကာလရှည်ကြာသော ဒေသနိုင်ငံများ၊ မိုးသက်မုန်တိုင်း မကြာ ခဏကျရောက်တတ်သော ဒေသနိုင်ငံများနှင့် အီကွေတာရာသီဥတုခေါ် မိုးရွာလိုက်/နေပူလိုက် တစ်လှည့်စီဖြစ်သော ရာသီဥတုရှိသည့် ဒေသနိုင်ငံ များတွင် မိုးကြိုးပစ်သောအကြိမ်ရေပမာဏများပြားတတ်သည်။
မိုးကြိုးပစ်သည့်အခါ ကောင်းကင်ဓာတ်အားလိုင်းများကို မိုးကြိုးထိမှန်ပါက ဓာတ်အားလိုင်းများတွင် ပို့လွှတ်ထားသော လျှပ်စစ်ဖိအားထက် အဆများစွာ ကြီးမားသော လျှပ်စစ်ဖိအားတစ်ရပ် ဝင်ရောက်လာတတ်သည်။ ထိုအခါမျိုးတွင် ကောင်းကင်ဓာတ်အားလိုင်းတိုင်များ၏ ြေ<ွကသီးများနေရာ၌ လျှပ်စစ်ဖိအား အဆမတန်မြင့်တက်လာခြင်းကြောင့် ဝိုင်ယာကြိုးများမှတစ် ဆင့် ကြက်ခြေတန်းများအတွင်းသို့ လည်းကောင်း၊ ဓာတ်တိုင်များ၏ အတွင်း သို့လည်းကောင်း ခုန်ကူးမှုများဖြစ်ပေါ်ပြီး ကွဲအက်ပျက်စီးမှုများ ဖြစ်ပေါ်နိုင် သည်။ အလားတူပင် ထရန်စဖော်မာများအတွင်းသို့ မိုးကြိုးလျှပ်စစ်ဖိအား ဝင်ရောက်ပါက လျှပ်ကာများ ကျိုးပေါက်မှုဖြစ်ပြီး ချွတ်ယွင်းပျက်စီးသွားနိုင်သည်။
ကောင်းကင်ဓာတ်အားလိုင်းကြိုးကြီးများကို မိုးကြိုးတိုက်ရိုက်ထိမှန်လျှင် လျှပ်စစ်အန္တရာယ်မှ ကာကွယ်ရန်မလွယ်ကူပေ။ သို့ရာတွင် သဘာဝအခြေအနေ များအရ ကောင်းကင်ဓာတ်အားလိုင်းကြိုးကြီးများကို ပြင်းထန်သော မိုးကြိုးများ တိုက်ရိုက်ထိမှန်မှုမှာ ဖြစ်ခဲလှပြီး မိုးကြိုးစက်ကွင်းမိခြင်းမျိုးသာ ဖြစ်တတ်သည်။
မိုးကြိုးပစ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များအနက် မိုးကြိုးကြောင့်ဝင်ရောက်လာတတ်သည့် အလွန်မြင့်မားသော လျှပ်စစ်ဖိအား၏ အန္တရာယ်ကို ကောင်းကင်မြေစိုက်ကြိုးနှင့် မိုးကြိုးလွှဲတို့ တပ်ဆင်ထားခြင်းဖြင့် ကာကွယ်နိုင်သည်။
ကောင်းကင်မြေစိုက်ကြိုးတပ်ဆင်ခြင်း
မိုးကြိုးအန္တရာယ်မှ ကာကွယ်ရန်အတွက် ကောင်းကင်မြေစိုက်ကြိုးအဖြစ် သွပ်ရည်စိမ်သံမဏိကြိုးကိုသော်လည်းကောင်း၊ ကြေးအုပ်ထားသော သံမဏိကြိုး ကိုသော်လည်းကောင်း လျှပ်စစ်ဓာတ်တိုင်များ၏ ထိပ်အစွန်းများ၌ သွယ်တန်း တပ်ဆင်ကြရမည်ဖြစ်သည်။ ကောင်းကင်ဓာတ်အားလိုင်းတိုင်များအတွက် ကောင်းကင်မြေစိုက်ကြိုးတပ်ဆင်ရာတွင် ပထဝီမြေဓာတ် ကောင်းစွာရရှိစေရန် ကောင်းကင်ဓာတ်အားလိုင်းကြိုး အရှည်တစ်မိုင်အတွင်း အနည်းဆုံးလေးနေရာ ခန့်တွင် မြေမြှုပ်ကြိုးများနှင့် ကောင်းစွာဆက်သွယ်ပေးထားရမည်ဖြစ်သည်။
မြေစိုက်ကြိုးများက ကောင်းကင်လျှပ်စစ်ဓာတ်အားလိုင်းများကို မိုးကြိုး အန္တရာယ်မှ ကာကွယ်ပေးနိုင်သောနယ်ပယ်မှာ အဆိုပါကောင်းကင်မြေစိုက်ကြိုး ထိပ်စွန်း၏ ဝဲယာတစ်ဖက်တစ်ချက်စီတွင် ၄၅ ဒီဂရီစီ အသီးသီးရှိသော နယ်ပယ်အတွင်း၌သာဖြစ်သည်။ သို့ဖြစ်၍ ကောင်းကင်မြေစိုက်ကြိုး၏ မိုးကြိုး အန္တရာယ်မှ ကာကွယ်ပေးနိုင်သော အဆိုပါနယ်ပယ်အတွင်း၌သာ လျှပ်စစ် ဝိုင်ယာကြိုးများကို သွယ်တန်းတပ်ဆင်ကြရမည်ဖြစ်သည်။
ကောင်းကင်ဓာတ်အားလိုင်းကြိုးများကို ဓာတ်အားလိုင်းတိုင် ထောင်မတ် နေသည့်အတိုင်း အထက်အောက်သွယ်တန်းထားပါက ယင်းတို့သည် ကောင်းကင် မြေစိုက်ကြိုး၏ အောက်တည့်တည့်တွင် ရောက်ရှိနေကြခြင်းကြောင့် မိုးကြိုး အန္တရာယ်မှ ကာကွယ်မှုအပြည့်အဝရရှိနေမည်ဖြစ်သည်။ ယင်းသို့မဟုတ်ဘဲ ဓာတ်အားလိုင်းတိုင်များတွင် ကန့်လန့်ကြက်ခြေတန်းများကို အသုံးပြုသွယ်တန်း မည်ဆိုပါက ကောင်းကင်မြေစိုက်ကြိုး၏ အောက်တစ်ဖက်တစ်ချက်စီတွင် ၄၅ ဒီဂရီအသီးသီးရှိသော နယ်ပယ်အတွင်း၌သာ သွယ်တန်းလိုင်းကြိုးများ ရှိနေကြ ရန်လိုအပ်သည်။
ကောင်းကင်မြေစိုက်ကြိုးသည် မိုးကြိုးအန္တရာယ်မှ ကာကွယ်ရန်အတွက် အသုံးဝင်ရုံမျှမက လျှပ်စစ်ဓာတ်လိုက်ခြင်းအန္တရာယ်မှလည်း ကာကွယ်နိုင် သည်။ အဆောက်အအုံများသို့ ဓာတ်အားသယ်ဆောင်သော ဝိုင်ယာများ သွယ်တန်းရာတွင် ယင်းကြိုးများကို သယ်မထားသော ဝန်ထမ်းကြိုး(Bearer Cable) ကို ကောင်းကင်မြေစိုက်ကြိုးနှင့် ဆက်သွယ်ပေးထားခြင်းဖြင့် အကယ် ၍ ဓာတ်အားသယ်ဆောင်သော ဝိုင်ယာကြိုးများ ပေါက်ပြဲချွတ်ယွင်းပြီး ဝန်ထမ်း ကြိုးအတွင်းသို့ လျှပ်စစ်ဓာတ်အားဝင်ရောက် စီးဆင်းလာမည်ဆိုပါက ပထဝီ မြေဓာတ်နှင့်တွေ့ထိပြီး ဒဏ်ခံကြိုးကို ပြတ်တောက်သွားစေမည်ဖြစ်သည်။
ပထဝီမြေဓာတ်ကို ကောင်းစွာရရှိနေသော ကောင်းကင်မြေစိုက်ကြိုးကို အဆောက်အအုံအတွင်းရှိ လျှပ်စစ်သုံးပစ္စည်းများ၊ လျှပ်စစ်မီတာ၊ လျှပ်စစ်မီတာ အိမ် စသည်တို့နှင့် ဆက်သွယ်ပေးထားခြင်းအားဖြင့်လည်း၊ အဆိုပါပစ္စည်းများ အတွင်း၌ တစ်စုံတစ်ရာ ချွတ်ယွင်းမှုဖြစ်ပြီး ပစ္စည်း၏ကိုယ်ထည်အတွင်းသို့ လျှပ်စစ်ဓာတ်အားစီးဆင်းဝင်ရောက်ခဲ့ပါက ပထဝီမြေဓာတ်နှင့် တွေ့ထိပြီး ဒဏ်ခံကြိုးအား ပြတ်တောက်သွားစေမည်ဖြစ်သည်။
မိုးကြိုးလွှဲတပ်ဆင်ခြင်း
လျှပ်စစ်ဓာတ်အားလိုင်းကြိုးကြီးများအတွင်းသို့ မိုးကြိုးကြောင့် ဖြစ်ပေါ် လာသည့် အလွန်မြင့်မားသော လျှပ်စစ်ဖိအားဝင်ရောက်လာသောအခါ အဆိုပါလျှပ်စစ်ဖိအားကို ပထဝီမြေကြီးအတွင်းသို့ လွယ်ကူလျင်မြန်စွာစီးဆင်း ဝင်ရောက်သွားစေရေးအတွက် အန္တရာယ်ရှိ ဝန်ပိုများအား လမ်းကြောင်း လွှဲပြောင်းပေးသည့်ပစ္စည်းကို မိုးကြိုးလွှဲ (Lightning Arrester)ဟု ခေါ်သည်။ မိုးကြိုးလွှဲသည် ဓာတ်အားလိုင်းကြိုးများအတွင်း၌ပုံမှန်ပို့လွှတ်ထားသော လျှပ်စစ်ဖိအားကို ပထဝီမြေကြီးအတွင်းသို့ စီးဆင်းဝင်ရောက်သွားခြင်း အား ခွင့်မပြုဘဲ မိုးကြိုးကြောင့်ဖြစ်ပေါ်သည့် အန္တရာယ်ကြီးမားသော လျှပ်စစ် ဖိအား များကိုသာ မြေကြီးအတွင်းသို့စီးဆင်းသွားစေရန် လုပ်ဆောင်ပေးသည်။
လျှပ်စစ်ဓာတ်အားပေးစက်ရုံများအနေဖြင့် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ဖြန့်ဖြူးရာ၌လည်း မိုးကြိုးကြောင့်ဖြစ်ပေါ်လာနိုင်သော လျှပ်စစ်အန္တရာယ်မှ ကာကွယ်နိုင်ရန်အလို့ငှာ မိုးကြိုးလွှဲများကို အောက်ပါအတိုင်း တပ်ဆင်ကြရမည်ဖြစ်သည်။
(က) လျှပ်စစ်ဓာတ်အားစက်ရုံက ထုတ်လုပ်သော လျှပ်စစ်ဖိအားသည် ၂၃ဝ/၄ဝဝ ဗို့ဖြစ်ပြီး ထိုဗို့အားအဆင့်ဖြစ်ပင် ပေးပို့ဖြန့်ဖြူးပါက စက်ရုံမှထွက်သည့်ဖီဒါလိုင်းအသီးသီးပေါ်တွင် အနိမ့်စားဖိအား မိုးကြိုးလွှဲကို တပ်ဆင်ရမည်ဖြစ်သည်။
(ခ) လျှပ်စစ်ဓာတ်အားစက်ရုံက ထုတ်လုပ်သော လျှပ်စစ်ဖိအား သည် ၂၃ဝ/၄ဝဝ ဗို့ ဖြစ်သော်လည်း စက်ရုံမှထွက်လျှင်ထွက် ခြင်း ဗို့အားမြှင့်ထရန်စဖော်မာကိုအသုံးပြု၍ ၆၆ဝဝ ဗို့၊ ၁၁ဝဝဝ ဗို့၊ ၆၆ဝဝဝ ဗို့စသည်ဖြင့် ဗို့အားမြှင့်ပြီးမှ ပေးပို့ဖြန့်ဖြူးပါက စက်ရုံရှိ ဗို့အားမြှင့်ထရန်စဖော်မာမှအထွက် ဖိဒါလိုင်းအသီးသီး ပေါ်တွင် အမြင့်စားဖိအားမိုးကြိုးလွှဲကို တပ်ဆင်ရမည်ဖြစ်သည်။
(ဂ) လျှပ်စစ်ဓာတ်အားစက်ရုံက ထုတ်လုပ်သော လျှပ်စစ်ဖိအားသည် ၁၁ဝဝဝ ဗို့ကဲ့သို့သော ဗို့အားမြှင့်လျှပ်စစ်ဖြစ်ပြီး ထုတ်လုပ်ဗို့အား အတိုင်း တိုက်ရိုက်ပို့လွှတ်သည်ဖြစ်စေ၊ ဗို့အားမြှင့်ထရန်စဖော် မာကိုအသုံးပြု၍ ထပ်မံဗို့အားမြှင့်ပြီးမှ ပို့လွှတ်သည်ဖြစ်စေ၊ စက်ရုံမှထွက်သော ဖီဒါလိုင်းအသီးသီးပေါ်တွင် အမြင့်စားဖိအား မိုးကြိုးလွှဲကို တပ်ဆင်ရမည်ဖြစ်သည်။
(ဃ) ကောင်းကင်ဓာတ်အားလိုင်းကြိုးကြီးများသည် အလွန်ရှည်လျား ပြီး လူနေအိမ်ခြေ၊ အဆောက်အအုံများနှင့် ဝေးကွာသော ကွင်းပြင်များကို ဖြတ်ကျော်တည်ဆောက်ထားခြင်းမျိုးဖြစ်ပါက၊ ဓာတ်အားလိုင်းမျှော်စင်ကြီးများနှင့် ဓာတ်တိုင်များအပေါ်တွင် မိုးကြိုးလွှဲများကို တပ်ဆင်ပေးထားရမည် ဖြစ်သည်။
ဤနေရာတွင် လူနေအိမ်ခြေ၊ အဆောက်အအုံများ သိပ်သည်းထူထပ် သော မြို့ကြီး၊ မြို့ငယ်စသည့်နေရာဒေသများ၌ သွယ်တန်းတပ်ဆင်ထားသော လျှပ်စစ်ဓာတ်အားလိုင်းကြိုးများအတွင်းသို့ မိုးကြိုးအန္တရာယ်ကျရောက်မည့် အခွင့်အလမ်း နည်းပါးလှသည့်အတွက် တစ်မြို့နှင့်တစ်မြို့ သွယ်တန်းထား သည့် ကောင်းကင်ဓာတ်အားလိုင်း ကြိုးများမှာကဲ့သို့ မိုးကြိုးအန္တရာယ်ကို စိုးရိမ်ရန် မလိုအပ်ပေ။ ကောင်းကင်မြေစိုက်ကြိုးတပ်ဆင်ထားပြီးဖြစ်ကာ မိုးကြိုးအန္တရာယ်မှ စိတ်ချရနိုင်သည်။
သာမန်လူနေအိမ်အဆောက်အအုံများအနေဖြင့်မူ မိမိတို့၏အဆောက် အအုံနှင့် နီးကပ်စွာတည်ရှိနေသော ဓာတ်တိုင်များတွင် ကောင်းကင်မြေစိုက် ကြိုးများဖြင့် မိုးကြိုးလျှပ်စစ်အန္တရာယ်ကို စနစ်တကျကာကွယ်ထားသည် ဆိုပါက မိုးကြိုးအန္တရာယ်ကျရောက်ရန် အခွင့်အလမ်းအလွန်နည်းပါးမည်ဖြစ် သည်။ သို့ရာတွင် ပို၍စိတ်ချရစေရန် မိုးကြိုးလွှဲများတပ်ဆင်လိုပါက အနိမ့် စား ဖိအားမိုးကြိုးလွှဲကိုတပ်ဆင်လျှင် ကောင်းစွာလုံလောက်မှုရှိသည်။
သို့ဖြစ်၍ မိုးဥတုကာလနှင့် ရာသီဥတုရုတ်ခြည်းဖောက်ပြန်ပြောင်းလဲ သောအခါသမယမျိုး၌ ဖြစ်ပေါ်လာတတ်သည့် လျှပ်စီးလက်ခြင်း၊ ထစ်ချုန်း ခြင်း၊ မိုးကြိုးပစ်ခြင်းတို့၏ သဘောသဘာဝများနှင့် ယင်းတို့မှတစ်ဆင့် ဆက်စပ်ဖြစ်ပေါ်လာတတ်သော လျှပ်စစ်အန္တရာယ်တို့ကို သိရှိထားကြခြင်း အားဖြင့် မိုးကြိုးပစ်ခံရခြင်းနှင့် မိုးကြိုးကြောင့် ဖြစ်ပေါ်လာနိုင်သော လျှပ်စစ် အန္တရာယ်ကျရောက်ခြင်းတို့ကို ကာကွယ်ပေးသည့် အစီအမံများကို စနစ်တကျ ဖြင့် ကြိုတင်ပြုလုပ်ထားနိုင်ကြမည်ဖြစ်ပေသည်။ ။
သိပ္ပံစာရေးဆရာ-ကိုကိုအောင်
Ref; Myanmar News Agency
No comments:
Post a Comment