အေဝမ်းစိုး
မြန်မာနိုင်ငံ၏ ဥတုရာသီသုံးမျိုးသည် ကမ္ဘာကြီးပိုမိုပူနွေး လာမှုနှင့်အတူ ဖောက်လှဲဖောက်ပြန် ရာသီဥတုအခြေအနေ များကြောင့် ယခုကဲ့သို့ နွေရာသီကာလဆိုလျှင် ယခင်က ထက် ပိုမိုပူပြင်းလာခြင်း၊ မိုးရာသီတွင် အချို့ဒေသများ၌ မိုးခေါင်ပြီး အချို့ဒေသများတွင် မိုးသည်းထန်ခြင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခြင်းနှင့် ဆောင်းရာသီတွင် အအေးပေါ့လာခြင်းတို့ကို ရင်ဆိုင်ကြုံတွေ့နေကြရသည်။
မြန်မာနိုင်ငံရှိ ပြည်သူများအနေဖြင့် ယခုနွေကာလ တွင် အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် အပူဒဏ်ကို အလူးအလဲခံစားနေကြရရာ ကမ္ဘာပေါ်တွင် အပူဒဏ်ကို အခံရဆုံးနိုင်ငံဟုပင် ထင်မှတ်ရသည်။ သောက်သုံးရေ ရှားပါးမှုပြဿနာများကိုလည်း ရင်ဆိုင်နေကြရသည်။ မြန်မာနိုင်ငံထက် ပိုမိုပူပြင်းသည့် နိုင်ငံများရှိနေသည်ကို သိရှိနိုင်စေရန်နှင့် မြန်မာနိုင်ငံ၏ ရာသီဥတုအခြေအနေကို နှိုင်းယှဉ်သုံးသပ်နိုင်စေရန် ကမ္ဘာ့အပူဆုံး (၁ဝ)နိုင်ငံကို စုစည်းတင်ပြရလျှင်-
(၁) လစ်ဗျား
မြောက်အာဖရိကဒေသတွင်တည်ရှိသည့် လစ်ဗျားနိုင်ငံ သည် ကမ္ဘာပေါ်တွင် အပူပြင်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံ ထားရသည်။ နိုင်ငံ၏ ဒေသအတော်များများကို လစ်ဗျား သဲကန္တာရက ဖုံးလွှမ်းထားသည့်အတွက် တစ်နှစ်ပတ်လုံး ပူပြင်းခြောက်သွေ့နေတတ်ပြီး နှစ်စဉ် နွေရာသီကာလ ဆိုလျှင် အပူရှိန်ပြင်းလွန်းသည့်အတွက် လစ်ဗျားပြည်သူ များအနေဖြင့် အရေပြားတွင် အရည်ကြည်ဖုပေါက်ခြင်းနှင့် အခြားသောအရေပြားရောဂါများကို ခံစားကြရသည်။ လစ်ဗျားနိုင်ငံ၏ အပူချိန်မှာ ၅၅ ဒီဂရီစင်တီဂရိတ်ရှိပြီး အပူပြင်းဆုံးနှစ်မှာ ၁၉၂၂ ခုနှစ်ကဖြစ်ပြီး ၅၇ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ဖြင့် စံချိန်တင်ထားသည်။
(၂) ဆော်ဒီအာရေဗျ
အရှေ့အလယ်ပိုင်းဒေသတွင်တည်ရှိသည့် ဆော်ဒီအာရေဗျ နိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယမြောက်အပူဆုံးနိုင်ငံ ဖြစ်သည်။ ပူပြင်းသည့်ရာသီဥတုအခြေအနေနှင့် သဲကန္တာရ ကို ဖြတ်သန်းလာသည့် လေပူများတိုက်ခတ်ခြင်းနှင့် နိုင်ငံ ၏ဒေသအတော်များများသည် ကန္တာရအတွင်းတည်ရှိ နေခြင်းကြောင့် ဆော်ဒီအာရေဗျနိုင်ငံတွင် အပူချိန်သည် တစ်နှစ်ပတ်လုံး ၅ဝ ဒီဂရီစင်တီဂရိတ်အထက်တွင် အမြဲတမ်းရှိနေသည်။
(၃) အီရတ်
အာရှတိုက်အနောက်ပိုင်းတွင် တည်ရှိသည့် အီရတ်နိုင်ငံ သည် စစ်ပွဲကြောင့်ဖြစ်ပွားရသည့် ပြဿနာများကို ရင်ဆိုင် နေရသည့်အပြင် နောက်ထပ်အကြီးမားဆုံး ရင်ဆိုင်ရသည့် ပြဿနာမှာ အပူရှိန်ပြင်းလွန်းသည့် ပြဿနာဖြစ်သည်။ အီရတ်နိုင်ငံ၏ နိုင်ငံတစ်ဝန်းပျမ်းမျှအပူချိန်မှာ ၄ဝ ဒီဂရီ စင်တီဂရိတ်ဖြစ်ပြီး နွေရာသီကာလဆိုလျှင် ၄၈ မှ ၅၄ ဒီဂရီစင်တီဂရိတ်ထိ ရှိသည်။
(၄) အယ်လ်ဂျီးရီးယား
အယ်လ်ဂျီးရီးယားနိုင်ငံသည် မြောက်အာဖရိကဒေသတွင် တည်ရှိပြီး ကမ္ဘာ့အပူဆုံးနိုင်ငံဖြစ်သည့် လစ်ဗျားနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သည်။ အယ်လ်ဂျီးရီးယား နိုင်ငံ၏ အစိတ်အပိုင်းအတော်များများသည်လည်း သဲကန္တာရများအဖြစ်တည်ရှိနေပြီး ညအခါတွင် အလွန် အေးကာ နေ့အခါတွင် အလွန်ပူပြင်းသည်။ နွေရာသီ ကာလ ပျမ်းမျှနေ့အပူချိန်များမှာ ၅ဝ နှင့် ၅၃ ဒီဂရီစင်တီ ဂရိတ်ကြားတွင် ရှိသည်။
(၅) အီရန်
ကမ္ဘာပေါ်တွင် ပဉ္စမမြောက်အပူဆုံးနိုင်ငံမှာ အီရန်နိုင်ငံ ဖြစ်သည်။ အီရန်နိုင်ငံ၏ နွေရာသီကာလများသည် အလွန် ပူပြင်းသကဲ့သို့ ဆောင်းရာသီကာလတွင် အလွန်အေးသည်။ သို့သော် ဆောင်းရာသီကာလသည် တိုတောင်းလှသည်။ အီရန်နိုင်ငံ၏ နွေရာသီကာလ ပျမ်းမျှအပူချိန်များမှာ ၄ဝ မှ ၄၅ ဒီဂရီစင်တီဂရိတ်ကြားတွင် ရှိသည်။
(၆) အိုမန်
အရှေ့အလယ်ပိုင်းဒေသမှ အာရပ်နိုင်ငံတစ်နိုင်ငံဖြစ်သည့် အိုမန်နိုင်ငံသည် ကမ္ဘာ့အပူဆုံးနိုင်ငံများတွင် အဆင့်(၆) နေရာတွင် ရပ်တည်နေသည်။ အိုမန်နိုင်ငံ၏ ရာသီဥတု အခြေအနေသည် မိုးရွာသွန်းမှုနည်းပါးပြီး အပူချိန်မြင့်မား သည်။ တစ်နှစ်လျှင် ခြောက်လခန့်သည် ပူပြင်းသည့်ကာလ များဖြစ်နေတတ်ပြီး အပူချိန်သည် ၅ဝ မှ ၅၃ ဒီဂရီစင်တီ ဂရိတ်ကြားတွင် ရှိသည်။ သို့သော် ရေနံကြွယ်ဝပြီး ချမ်းသာ သည့်နိုင်ငံဖြစ်သည့်အတွက် အပူဒဏ်ကို အဲကွန်းခန်းများ တွင်နေထိုင်၍ ကာကွယ်ကြသည်။
(၇) ဆူဒန်
အာဖရိကတိုက်မှ ဆူဒန်နိုင်ငံသည် တစ်နှစ်ပတ်လုံး အပူချိန်မြင့်မားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မိုးရွာသွန်းမှု အလွန်နည်းပါးခြင်း၊ ကန္တာရဧရိယာများပြားခြင်း၊ မိုးခေါင် ခြင်းနှင့် အစာရေစာရှားပါးခြင်းပြဿနာများနှင့် ရင်ဆိုင် နေရသည်။ ဆူဒန်နိုင်ငံ၏ ပျမ်းမျှအပူချိန်မှာ ၅၂ ဒီဂရီ စင်တီဂရိတ်ဖြစ်သည်။
(၈) အိန္ဒိယ
တောင်အာရှဒေသတွင် တည်ရှိသည့် အိန္ဒိယနိုင်ငံသည် ရာသီဥတုအခြေအနေအမျိုးမျိုးတည်ရှိသည်။ အိန္ဒိယ တောင်ပိုင်းသဲကန္တာရဒေသများသည် အပူချိန် ၄၈ ဒီဂရီ စင်တီဂရိတ်အထိ ရှိသည်။
(၉) ဆိုမာလီယာ
အာဖရိကတိုက်မှ ဆိုမာလီယာနိုင်ငံသည် ကမ္ဘာ့အပူဆုံး နိုင်ငံများတွင် အဆင့်(၉)နေရာတွင် ရပ်တည်နေပြီး တစ်နှစ်ပတ်လုံး အပူချိန်မြင့်မားသည့်နိုင်ငံဖြစ်သည်။ မိုးရွာ သွန်းမှုမရှိခြင်းနှင့် အလွန်ပူပြင်းသည့် ရာသီဥတုအခြေ အနေတို့သည် မိုးခေါင်ရေရှားခြင်းနှင့် အစာရေစာ ရှားပါး ခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ဆိုမာလီယာနိုင်ငံ၏ ပျမ်းမျှ အပူချိန်မှာ ၅ဝ ဒီဂရီစင်တီဂရိတ်ဖြစ်သည်။
(၁ဝ) မက္ကဆီကို
ဗဟိုအမေရိကဒေသမှ မက္ကဆီကိုနိုင်ငံသည် ကမ္ဘာ့အပူဆုံး နိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ မက္ကဆီကိုနိုင်ငံ၏ နွေရာသီကာလပျမ်းမျှအပူချိန်မှာ ၅ဝ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။
အထက်ဖော်ပြပါနိုင်ငံများ၏ ပတ်ဝန်းကျင်အနေ အထား၊ ရာသီဥတုအခြေအနေနှင့် အပူချိန်တို့ကို ဆက်စပ် သုံးသပ်ရလျှင် သစ်တောဧရိယာမရှိဘဲ သဲကန္တာရထူထပ် များပြားသောနိုင်ငံများဖြစ်ခြင်းနှင့် ရေနံထွက်ရှိရာ အရှေ့ အလယ်ပိုင်းဒေသမှ နိုင်ငံများ အများဆုံးပါဝင်သည်ကို တွေ့ရှိရသည်။ အပူချိန်များသည်လည်း ၄၅ ဒီဂရီစင်တီ ဂရိတ်မှ ၅၅ ဒီဂရီစင်တီဂရိတ်ကြားတွင် ရှိနေသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံရှိ မကွေးမြို့၊ ချောက်မြို့တို့သည်လည်း အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်ရှိပြီး မုံရွာမြို့၊ မြင်းခြံမြို့၊ မင်းဘူးမြို့တို့သည်လည်း အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ် ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အပူချိန် များသည် တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာနေရာ နောက်နှစ်အနည်းငယ်အတွင်း သဲကန္တာရနိုင်ငံများ၏ အပူချိန်ကို အမှီလိုက်ရန် တာစူနေသည်မှာ ကောင်းသော လက္ခဏာမဟုတ်သကဲ့သို့ သစ်တောပြုန်းတီးမှုနှင့် သဘာဝ ပတ်ဝန်းကျင်ကို ပြုပြင်ထိန်းသိမ်းရန် အဆောတလျင် လိုအပ်နေကြောင်း မီးမောင်းထိုးပြနေခြင်းဖြစ်သည်။
''ဥတုရာသီ တောကိုမှီ''ဟု မြန်မာဆိုရိုးစကားရှိသော် လည်း မြန်မာနိုင်ငံ၏ ရာသီဥတုအမှီသဟဲပြုစရာ မြန်မာ့ သစ်တောကြီးများသည် မဆင်မခြင် ခုတ်ထွင်သုံးစွဲမှုကြောင့် ပြောင်တလင်းခါနေပြီဖြစ်သည်။ ထို့ကြောင့် ပြောင်းလဲ ဖောက်ပြန်နေသော ရာသီဥတုအခြေအနေကို အချိန်မီထိန်းသိမ်းကာကွယ်ကြရမည်ဖြစ်သည်။ သစ်ပင်များ ပြန်လည်စိုက်ပျိုးခြင်း၊ သစ်ပင်ခုတ်ထွင်မှုကို ဥပဒေဖြင့် တင်းတင်းကျပ်ကျပ်တားမြစ်ခြင်း၊ သစ်တောများထိန်းသိမ်း ခြင်းတို့ကို အစိုးရ၊ အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်း များနှင့် မြန်မာပြည်သူအားလုံး အတူလက်တွဲ ဝိုင်းဝန်း လုပ်ဆောင်၍ မြန်မာ့ရာသီဥတုအခြေအနေကို တတ်နိုင် သမျှ ပြန်လည်ထိန်းညှိ်ကြရမည်ဖြစ်သည်။
Ref; Myanmar News Agency
No comments:
Post a Comment